Now & Ever ရုပ်ရှင်ဇာတ်ကားကြီးကို ထိထိမိမိ သုံးသပ်ပြလာတဲ့ ပန်ဆယ်လို

ရုပ်ရှင်ကားနှစ်ကားထဲနဲ့ ပရိသတ်တွေရဲ့အချစ်ကို ရရှိခဲ့တဲ့ ခီမောင်နှံဟာ သူတို့ရဲ့ တတိယခြေလှမ်းတစ်ခုဖြစ်တဲ့ Now & Ever ရုပ်ရှင်ဇာတ်ကားကြီးဟာ မကြာခင်မှာ ရုံတင်ပြသတော့မှာဖြစ်ပြီး အောက်တိုဘာလ ၂၁ ရက်နေ့ညမှာတော့ သမ္မတရုပ်ရှင်ရုံမှာ Now & Ever Ret Carpet Show ကို ပြုလုပ်ခဲ့ပြီး အနုပညာရှင်ပေါင်းများစွာနဲ့ ပရိသတ်တွေက တက်ရောက်ခဲ့ကြပါတယ်။ အဲ့ဒီထဲမှာတော့ ပန်ဆယ်လိုတစ်ယောက်လဲ ပါဝင်ခဲ့ပြီး ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး ခုလိုဘဲ သုံးသပ်ပြောကြားခဲ့ပါတယ်။

သူမ ပြောခဲ့တာကတော့ ” Now & Ever Red Carpet Show လေးအတွက် ဖိတ်စာရလို့ သွားကြည့်ဖြစ်တယ်။ ဖိတ်စာမရလည်း သေချာပေါက် သွားကြည့်ဖြစ်မှာပါပဲ။ ပုံမှန်ဆို Press Show ဖိတ်စာတွေ ရရင် သွားမကြည့်ဖြစ်ဘူး။ သွားကြည့်ဖြစ်ရင် ကိုယ့်လက်က အခွီလက်။ ပေါက်တက်ကရတွေ မြင်ရင်မြင်တဲ့အတိုင်း ခွီမိရင် အားနာစရာ။ မျက်နှာနာရမယ်။ အဲ့တော့ ရှောင်ဖြစ်တယ်”

”ဒီကားကတော့ ယုံကြည်မှုတစ်ခု ရှိထားပြီးသား။ ရုပ်ရှင်ကို နားမလည်ပေမယ့် နည်းနည်းပါးပါးတော့ ခံစားတတ်ပါတယ်။ အတော်မျှော်လင့်ထားသလို မျှော်လင့်ထားတဲ့အတိုင်းလည်း ဖြစ်လာတဲ့ဇာတ်ကားလေးပါပဲ။ ကိုယ်က ရုပ်ရှင်တွေ စာပေတွေထဲမှာ မက်ဆေ့ချ်တွေ ပျစ်ပျစ် နှစ်နှစ် အတုံးလိုက် အတစ်လိုက် ပေးတဲ့ ဇာတ်လမ်းမျိုးတွေကို ကြိုက်နှစ်သက်လေ့မရှိဘူး။ ဒီဇာတ်ကားလေးဟာ ဘာမက်ဆေ့ချ်မှ ပယ်ပယ်နယ်နယ်ပေးမသွားဘဲ ရင်ထဲထိတယ်လို့ ဆိုရမယ် ”

“Romance အချစ်ကား စစ်စစ်လေးပါ။ လက်မှတ်က တစ်စောင်ပဲရလို့ တစ်ယောက်တည်း လာကြည့်ရလို့သာ။ ကြည့်နေရင်း အိမ်က ယောက်ျားကို လွမ်းလိုက်တာ… အရမ်းပဲ။ တကယ်ကြီးနော်… အပိုပြောတာ မဟုတ်ဘူး။ ဒီဇာတ်ကားထဲက Love Scenes တွေကို ကြည့်ရင်း ကိုယ်ချစ်ရသူကို သတိတန်းရတာ။ အချစ်နဲ့ ပတ်သက်ပြီး ထိထိရှရှ မခံစားရတော့တာ ကြာပြီ။ ကဗျာတွေစာတွေလည်း အချစ်နဲ့ ပတ်သက်ပြီး မရေးဖြစ်တာ ကြာပြီ။ အေးခဲလာတဲ့ ရင်ခုန်သံတွေ ဆိုပါစို့။ အချစ်ဆိုတာကို အသက်အရွယ်အရ ထိထိရှရှမရှိတော့ဘူး။ အချစ်ကားတွေ ကြည့်ရင် စောင်ပိုတွေလို့ပဲ ခံစားနေခဲ့ရတာ… “

“ဒီဇာတ်ကားကြည့်ရင်း ကြေကွဲရတဲ့ အခန်းတွေမှာ ကိုယ်မသိလိုက်ချိန်မှာပဲ မျက်ရည်က ပါးပေါ်ရောက်နေပြီ။ ဟဲ့… ဘယ့်နှယ်တောင်လားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်ရှက်မိတယ်။ တွေးမိတယ်… ဒါအနုပညာပါပဲ။ ကိုယ့်ရင်ထဲမှာ ကိုယ်မေ့လျော့နေတဲ့ ခံစားချက်တွေ ရှိနေသေးတာပဲ။ကိုယ့်အနားမှာ ရှိနေတဲ့သူကို တန်ဖိုးထားဖို့၊ ချစ်တယ်လို့ သတိတရပြောမိဖို့ ပြန်လှုပ်နှိုးပေးတဲ့ ခံစားချက်ပါပဲ။ ဇာတ်ကောင်တွေ ပျော်နေချိန်မှာ လိုက်ပြုံးနေမိပြီး ဝမ်းနည်းချိန်မှာ လိုက်ခံစားမိနေတာ… ဒီဇာတ်ကားက ရင်ထဲ ထိတယ် ဆိုရပါမယ်”

“ခီတို့ရဲ့ ထုံးစံအတိုင်း လူမပေးတဲ့ နာမည်တွေ မပေးဘူး။ လူမပြောတဲ့ စကားတွေ မပြောဘူး။ ချစ်ခြင်းမေတ္တာကို မျက်လုံးတွေ အပြုအမူတွေနဲ့ပဲ ပြောသွားတယ်။ ယုတ္တိဘဝနဲ့ နီးစပ်လွန်းတယ်။ အသစ်တွေ ပါပေမယ့် အသစ်တွေဟာ လုံးဝကြောင်မနေဘူး။ Pre Production မှာ အားထုတ်ထားတယ်ဆိုတဲ့ အမှန်တရားကို မြင်နေရတယ်။ အချို့အခန်းလေးတွေပေါ် ဖြစ်တဲ့ ခံစားချက်ကို ရေးပြချင်ပေမယ့် Spoiler ဖြစ်မှာစိုးလို့ မရေးတော့ပါဘူး။ ချစ်စရာ ကြည်နူးစရာ ဝမ်းနည်းစရာ ဇာတ်လမ်းလေးတစ်ပုဒ်ပါ”

“သုသုကတော့ မိတ်ကပ်မပါတဲ့ အရှိတရားအတိုင်း သရုပ်ဆောင်ရဲ ရိုက်ရဲတဲ့ သတ္တိကောင်းတဲ့ မင်းသမီးပါပဲ။ ပါးပါးလှပ်လှပ်လေးနဲ့ စိတ်အခြေအနေကို ကြည့်နေသူက ဖမ်းဆုပ်လို့ရတဲ့အထိ သရုပ်ဆောင်နိုင်တယ်လို့ ခံစားရတယ်။ ကိုဇာဏ်ခီကတော့ တကယ့်ကို သူ့မျက်လုံးတွေနဲ့ အလုပ်လုပ်သွားတာ။ သူ့မျက်လုံးထဲက အချစ်ရိပ်တွေကို တကယ်ကို သဘောကျတယ်။ အင်တာဗျူးတွေမှာ မခရစ္စကို ကြည့်တဲ့ မျက်လုံးမျိုးတွေကို မြင်ရတယ်။ တကယ့်ကို သရုပ်ဆောင်နေတာနဲ့မတူတဲ့ အစစ်နဲ့ နီးစပ်လွန်းတဲ့ မျက်လုံးတွေပါပဲ”

” မိန်းမတိုင်းဟာ ကိုယ်ချစ်ရသူဆီက ဒီလိုအချစ်ရိပ်ပြေးနေတဲ့ မျက်လုံးတွေကို မြင်ဖူးချင်ကြမှာပဲ။ သေချာတယ်… ကိုဇာဏ်ခီက ပရိသတ်အချစ်ခံရဦးမှာ။ ကိုယ်တော့ ဒုတိယအကြိမ် ကြွေမိပြန်တာပဲ။ ကိုဇာဏ်ခီနဲ့ ပွဲအချို့မှာ ဆုံဖူး မြင်ဖူးတယ်။ အဲ့အချိန်မှာ မင်းသားက ချောလိုက်တာဟယ်လို့ မကြွေမိဘူး။ သူသရုပ်ဆောင်တာကို ကြည့်ရချိန်မှာ ဇာတ်ကောင်မင်းသမီးကို ကြည့်တဲ့ အချစ်ရိပ်သန်းတဲ့ မျက်လုံးတွေမြင်ရင်တော့ အရမ်းကို ကြွေမိတာ”

“မခရစ္စကတော့ တကယ့် သတ္တိခဲပါပဲ။ ကိုယ့်ယောက်ျားကို Love Scenes တွေမှာ တကယ့်ကို ပျော်ဝင်သရုပ်ဆောင်နိုင်အောင် စိတ်လုံခြုံမှုပေးနိုင်တဲ့ တကယ့် Professional ပါပဲ။ Background သီချင်းလေးတွေ အရမ်းကောင်းလို့ အခွေထုတ်စေချင်မိပါတယ်။ ကိုဇာဏ်ခီက Music ပိုင်းမှာ ပိုဆရာကျနေတယ် ခံစားမိတယ်”

“မြန်မာပြည်မြောက်ဖျားပိုင်းရဲ့ အလှအပတွေကို အရုပ်လှလှ Drone ရိုက်ချက်အလန်းစားတွေနဲ့ ရိုက်ပြထားတာ တစ်ကွက်မှ ပစ်ရက်စရာမရှိ။ သက်ဝင်ပန်းချီကားတစ်ချက်ထဲမှာ ဝင်မျောနေရသလိုပ။ မရှိရှိတဲ့ အားနည်းချက်လေး ရှာကြံပြောပါဆိုရင်တောင် မပြောတတ်ဘူး။ ကိုယ်ကျွမ်းကျင်တဲ့ နယ်ပယ်လည်း မဟုတ်ဘူး။ ပရိသတ်တစ်ယောက်အနေနဲ့ ပြောရရင် ကြိုက်တယ်ဆိုတာပါပဲ”

“မျက်ရည်တွေ၊ နှပ်တွေ အတောင့်လိုက်ကျပြ၊ အော်ဟစ်ငိုယိုပြ၊ ဆူညံပွက်လောရိုက် အော်ဟစ်ပေါက်ကွဲပြမှ ကြိုက်ကြတဲ့သူတွေအတွက်တော့ အနည်းငယ် ပျင်းစရာကောင်းမယ် ထင်ပါတယ်။ ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်ကားလေးပါပဲ။ မြန်မာပေါကားတွေ ရပ်ဆိုပြီး အော်နေမယ့်အစား ဒီလိုဇာတ်ကားမျိုးတွေ ပေါ်ထွက်လာတာကို တခဲနက် အားပေးမှသာ ပရိသတ်က Quality ကြိုက်မှန်း သိလာရင် ငွေနောက်လိုက်နေသူတွေ Quality နောက် ပြန်လိုက်လာမယ် မျှော်လင့်ရတယ်”

“ဒါဟာ တတိယမြောက် Revolution ပါပဲ။ အခကြေးငွေ တစ်ပြားမှ မရယူထားဘဲ နှစ်သက်မှုအစစ်ကို နှစ်သက်ကြောင်း ရိုးရိုးသားသားရေးတဲ့စာပါ။ Now & Ever လေး အောင်မြင်ပါစေ။နောင်အသစ်အသစ်တွေကိုလည်း ဆက်လက်ဖန်တီးနိုင်ပါစေလို့…..”ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

ခီမောင်နှံရဲ့ ပရိသတ်တွေကရော Now & Ever ရုပ်ရှင်ဇာတ်ကားကြီးကို ကြည့်ရှု့ပြီးတဲ့အခါ အမြင်လေးတွေ မျှဝေခဲ့ပါအုံးနော် ။ အားလုံးကိုကျေးဇူးတင်ပါတယ်။

Snow (mcc)
Source – အိပန်ဆယ်လို ‘sfb

(Visited 57131 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ