Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

မီတာခတွေရဲ့ အငြင်းပွားမှုကို ရှင်းပြလာတဲ့ စာရေးဆရာမ ပန်ဆယ်လို

Covid 19 ကာလမှာ အလုပ်အကိုင်တွေရပ်နားထားရပြီးဝင်ငွေတွေ လျှော့နည်းခဲ့တာကြောင့် နိုင်ငံတော်မှ မီတာအသုံးပြုခကို ယူနစ် ၁၅၀ ထိ ကင်းလွတ်ခွင့်ပေးခဲ့ပါတယ်။ အဆိုပါ ကင်းလွတ်ခွင့်နဲ့ပတ်သက်ပြီး ပြည်သူတွေအကြားအငြင်းပွားဖွယ်ရာတွေဖြစ်ပေါ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ မီတာကင်းလွတ်ခွင့်ပေးထားပေမယ့် မီတာခတိုးလာတဲ့ ကိစ္စတွေ၊ ကြွေးကျန်ဖြတ်တဲ့ကိစ္စတွေကို သူသိသလောက် ကို စာရေးဆရာမပန်ဆယ်လိုက ရှင်းပြလာခဲ့ပါတယ်။

သူရှင်းပြခဲ့တာကတော့ ” မီတာခကိစ္စကို နှစ်ပိုင်းခွဲပြောပါမယ်။ ပထမတစ်ပိုင်းက အခုကင်းလွတ်ခွင့်ပေးတဲ့ ယူနစ်(၁၅၀) ကိစ္စပါ။ နောက်တစ်ပိုင်းက EPC ရဲ့ လုပ်ဆောင်ချက်တွေပါ။ ယူနစ် (၁၅၀) ကိစ္စ ဘယ်လိုတွက်ချက်တယ်ဆိုတာ အစိုးရေကြညာချက်ထဲမှာ ပါသလို လျှပ်စစ်ဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာလည်း ပါတယ်။ အခုမှ အဲ့လိုတွက်တာ မဟုတ်ဘူး။ စထုတ်ပြန်စဉ်ကတည်းက ဘယ်လိုတွက်ချက်မယ် ပါထားပြီးသား။

ယူနစ်30ကို 35ကျပ်= 1,050
နောက်ထပ်ယူနစ်20ကို 50ကျပ်= 1,000
နောက်ထပ်25ယူနစ်ကို 70ကျပ်= 1,750
နောက်ထပ်25ယူနစ်ကို 90ကျပ်= 2,250
နောက်ထပ်50ယူနစ်ကို 110 ကျပ်=5,500
စုစုပေါင်း 150ယူနစ် =11,550ကျပ် ဒါအထိ အစိုးရက ကင်းလွတ်ခွင့် ဒီလမှာပေးတယ်။ ၁၅၀ယူနစ်အထက်ကစပြီး ၁၂၀ကျပ်၊ ၁၂၅ကျပ်နဲ့ စကောက်ခံတယ်။

အခုအငြင်းပွါးနေကြတာက အဲ့လိုကောက်ခံလို့တဲ့။ ဖောင်းထုနေသူတွေ ဖြစ်ချင်တာက ယူနစ်၃၀၀ သုံးတယ်ထား။ ၁၅၀ယူနစ်ကင်းလွတ်ခွင့်ဆိုတော့ ယူနစ်၃၀၀ထဲက ၁၅၀နှုတ် ၁၅၀ကျန်၊ အဲ့ဒါကို ၃၅ကျပ်ကနေပဲ စတွက်သင့်တယ်တဲ့။ အခုက ၁၅၀ယူနစ်အထက် 120ကျပ်နှုန်းနဲ့ ကောက်ခံတဲ့အတွက် နစ်နာတယ်ဆိုပဲ။

ရဖို့ဝဖို့ပဲ တွေးနေရင်တော့ ဟုတ်သလိုလိုပေါ့။ စေ့စေ့တွေးကြည့်ရင် အရှင်းကြီးပါ။ ကင်းလွတ်ခွင့်မပေးရင် ဘယ်လိုတွက်တွက် ၁၁,၅၅၀ကျပ် ဆောင်ရမှာပဲ။ ယူနစ်၁၅၀ အထက်သုံးရင် ၁၅၀ယူနစ်အထက်စျေးနဲ့ ဆက်တွက်မှာပဲ။ အတူတူပဲလေ။ ၁၁,၅၅၀ သက်သာတာက သက်သာတာပဲ။ သူတို့ပြောပုံအရဆိုရင် ၁၅၀ယူနစ်ကို အခမဲ့ Free ပေးထားတဲ့အပြင်ကို တကယ်သုံးတဲ့ ၁၅၀ယူနစ်အထက်ကိုလည်း ၁ယူနစ်စျေးက စတွက်ပေးရမယ်ဆို နှစ်ထပ်ကွမ်းရှုံးပြီလေ။ တစ်အိမ်စာ၊ ဆယ်အိမ်စာကို မသိသာပေမယ့် တစ်နိုင်ငံလုံးစာဆို ဘယ်လောက်လဲ။ ၁၁,၅၅၀ သက်သာခွင့် တစ်နိုင်ငံလုံးစာက ဘယ်လောက်လဲ။ အဲ့ဒါကိုပဲ သူတို့ပြောသလို ထပ်တွက်ပေးရမယ်ဆိုရင် နှစ်ထပ်ကွမ်းအရှုံးက ထပ်ပြီး ဘယ်လောက်ကျမလဲ။ အစိုးရလည်း COVID-19 ကို ကူးစက်မှုမများအောင် Qရ၊ ကုရ အခမဲ့ချည်းနဲ့တင် ယဗြန်ကျွတ်ဘဝရောက်နေပြီ။ ထပ်သမချင်သေးတာလား။

ယူနစ်(၁၅၀) သက်သာခွင့်ဆိုတာ ယူနစ်၁၅၀ လောက်ပဲ သုံးနိုင်တဲ့ မီးနှစ်ပွင့် သုံးပွင့်၊ ထမင်းပေါင်းအိုးလေးလောက်ပဲ သုံးနိုင်တဲ့ အခြေခံလူတန်းစားအတွက် ရည်ရွယ်တာ။ အဲကွန်း၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်နဲ့ ဇိမ်ခံပစ္စည်းတွေ သုံးနိုင်တဲ့ ယူနစ် လေးငါးခြောက်ရာ တစ်ထောင် သုံးနေတဲ့သူတွေအတွက် မဟုတ်ဘူး။ အခြေခံလူတန်းစားအတွက်ဆိုရင် ဘယ်သူက အခြေခံလူတန်းစား၊ ဘယ်သူက သူဌေး ခွဲခြားဖို့ မလွယ်လို့ တစ်နိုင်ငံလုံးအတိုင်းအတာ ပေးလိုက်တာ။

တကယ့်အခြေခံလူတန်းစား ယူနစ်အများကြီး သုံးနိုင်စရာ ဇိမ်ခံပစ္စည်းမရှိတဲ့ သူတွေဆို ဒီလ တစ်ပြားမှ မဆောင်ရတာ တစ်ပုံကြီးပဲ။ ရေခဲသေတ္တာ၊ အဲကွန်းနှစ်လုံးသုံးလုံး နင်းကန်သုံးနေနိုင်တဲ့ အချို့က ၁၁,၅၅၀ အလကားရထားတာကိုပဲ ၁၅၀ယူနစ်အထက်သုံးလို့ ၁၅၀ယူနစ်အထက်စျေးနဲ့ ကောက်တာကို ၁ယူနစ်စျေးနဲ့ စတွက်ပေးသင့်တယ်ဆိုတော့ တရားတွေလည်း ကျရပါတယ်။ လူ့လောဘ အတောမသတ်ဆိုတာမျိုး။ ဒါက လောဘသားတွေရဲ့ အကြောင်း၊ ဇာတ်လိုက်ကျော်ကြီး EPCအကြောင်း လာမယ်။ အခု အစိုးရက ပေးတဲ့ ကင်းလွတ်ခွင့်ဟာလည်း EPC ရဲ့ နှစ်စဉ်လုပ်နေကျ အရှုပ်ဇယားကြီးကြောင့် တိုင်ပတ်ကုန်တာ။ သတိထားမိကြလားမသိဘူး။ နှစ်စဉ် မတ်လအတွက် ဧပြီလမှာ ကောက်ခံတဲ့ မီတာစာရွက်နဲ့ ဧပြီလအတွက် မေလမှာ ကောက်ခံတဲ့ မီတာခတွေဟာ အမြဲများနေတတ်တယ်ဆိုတာ။ ဘာလို့များလဲဆိုတော့ အကြောင်းအရင်းက EPC ရဲ့ မပြင်နိုင်သေးတဲ့ စနစ်ကြောင့်ပါ။

လျှပ်စစ်သုံးစွဲမှုဟာ အတူတူပဲဆိုရင်တောင် မီတာခတွေ ဘာကြောင့် ပိုများနေလဲဆိုတော့ မီတာကို လစဉ်သေသေချာချာ မဖတ်လို့ပါ။ ဘာလို့မဖတ်တာလဲဆိုတော့ နှစ်ချက်ရှိပါတယ်။ ပထမအချက်က မီတာဖတ်တဲ့အချိန်မှာ အချို့အိမ်တွေက တံခါးပိတ်ထားတာ၊ အပြင်သွားနေတာတွေကြောင့် ရှိချိန် ထပ်မလာဖတ်ဘဲ မှန်းကောက်တာပါ။ ဒုတိယအချက်ကတော့ အချောင်ခိုပြီး တကယ်လိုက်မဖတ်ဘဲ ရမ်းကောက်တာပါ။ အဲ့မှာ မှန်းကောက်ရမ်းကောက်တွေ လုပ်ကြပြီး တစ်နှစ်စာယူနစ်အထွက်နဲ့ တိုက်စစ်တဲ့လရောက်တဲ့အခါ လိုကောက်ထားတာတွေကို နောက်လတွေမှာ မသိမသာ ခွဲထည့်ပြီး ထပ်ကောက်ပါတော့တယ်။ ပိုကောက်မိတာတွေကို ပြန်လျှော့ကောက်တယ်လို့ ပြောပေမယ့် ဘယ်သူမှသတိမထားမိတာပဲလားတော့မသိ၊ လျှော့ကောက်ခံရတယ်လည်း မကြားမိပါ။

အများအားဖြင့် ၂လပိုင်းလောက်ကစပြီး မှန်းကောက်ရမ်းကောက်တွေကို စာရင်းညှိတဲ့အနေနဲ့ တကယ်ကောက်ပုံရတယ်။ လစဉ်မဖတ်ဘဲ တစ်နှစ်မှ တစ်ခါ၊ နှစ်ခါကောက်ကြပုံရတယ်။ မီတာစာရေးတစ်ယောက်ဟာ အမှန်တကယ်မှာ လစဉ် မီတာအလုံး(၈၀၀)ကနေ တစ်သောင်း၊ တစ်သောင်းခွဲထိ ကျွမ်းကျင်မှုပေါ်မူတည်ပြီး ဖတ်ရပါတယ်။ ဝန်ထမ်းအရေအတွက် နည်းပါးပြီး Workload များတဲ့အတွက် အခုလိုကိစ္စတွေ ဖြစ်လာသလို အချို့ကတော့ အချောင်ခိုလို့ ဖြစ်လာရတဲ့ကိစ္စတွေပါ။

ဓါတ်တိုင်ပေါ် သွားတပ်ထားတဲ့ ဒီဂျစ်တယ်မီတာတွေကတော့ ရုံးကနေပဲ ဖတ်လို့ရတယ်ပြောပါတယ်။ အချို့က ဘယ်မီတာစာရေးမှ ဓါတ်တိုင်ပေါ်တက် လာမဖတ်လို့ မဖတ်ဘဲကောက်တယ် ပြောကြပါတယ်။ ရုံးကနေ ဖတ်လို့ရတယ်တော့ ပြောတယ်။ အမှန်ထည့်မထည့်တော့ မသိပါဘူး။ ဆက်ရေးရင် EPCက လိုင်းမင်းတွေ ငါ့ ပါးလာရိုက်တော့မယ်။ ဆက်တွေးကြပါ။ အဲ့တော့ စကားကို ပြန်ချုပ်ရရင် နှစ်စဉ် မတ်၊ ဧပြီ၊ မေ ကောက်ခံလွှာတွေဟာ များတတ်တဲ့အနေအထားရှိနေတဲ့အချိန် (နှစ်တိုင်းလည်း ဒီအချိန်တွေဆို ဖေ့စ်ဘုတ်ပေါ် မီတာခကိစ္စ အော်ကြပါတယ်) ဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် COVID ကဖြစ်၊ အစိုးရက ကင်းလွတ်ခွင့် ၁၅၀ယူနစ်ပေးတာနဲ့ တိုက်ဆိုင်ပြီး အစိုးရက ၁၅၀ယူနစ် ကင်းလွတ်ခွင့်ပေးတယ်ဆိုပြီး ပိုကောက်ခံသလိုမျိုး အထင်အမြင်တွေ လွဲကြတာပါ။

မနေ့က မြို့နယ်လျှပ်စစ်ရုံးမှာ သွားမေးဖြစ်တော့ ထည့်မေးလိုက်တယ်။ တစ်လနှစ်ထောင်ကျော်ပဲကျတဲ့ ကိုယ့်အသိတစ်ယောက်ရဲ့ မီတာခစာရွက်ကိုပြပြီး မေးခဲ့တယ်။ အခုခေတ်မှာ တစ်အိမ်လုံး မီးသုံး၊ ပန်ကာသုံး၊ ပေါင်းအိုးသုံး၊ အခြားတွေသုံးတာတောင် တစ်လနှစ်ထောင်ကျော်ပဲကျတာ ဖြစ်နိုင်လားလို့။ အဲ့ရုံးက စာရေးမကလည်း ကိုယ်Mask တပ်ထားတော့ ကိုယ်မှန်းမသိရှာဘူးထင်ရဲ့။ အိတ်သွန်ဖာမှောက် ပြောပြလိုက်တယ်။ မဖြစ်နိုင်ဘူး ညီမလေး။ အချို့မီတာဘောက်တွေက အစုတ်တွေ။ သိပ်မလည်ဘူးတဲ့။ အဲ့ဒါဆို သူတို့က အချောင်ရနေပြီး ကျွန်မတို့က ကျသလောက်ပေးနေရတာလား၊ အဲ့ဒါမျှတလားဆိုတော့ မီတာဘောက်တွေ အကုန်မလဲနိုင်သေးလို့ပါတဲ့။ အေး… ကောင်းပါလေ့ပဲ။

အခြေအနေတွေကတော့ အဲ့လိုရှိတယ် အရပ်ကတို့ရေ။ အစိုးရက ၁၁,၅၅၀ လျှော့ရလို့ တစ်အိမ်တက်ဆင်း ပိုကောက်ခိုင်းထားတာတော့ လုံးဝမဟုတ်ဘူး။ အချောင်ခိုပြီး မီတာမှန်မှန်မဖတ်ဘဲ ပေါင်းထည့်လို့ နှစ်စဉ် တက်နေကျလ၊ Stay Home ပြီး ပိုသုံးကြတဲ့လတွေနဲ့ ကင်းလွတ်ခွင့်ပေးတဲ့အချိန်နဲ့ တိုက်ဆိုင်ပြီး အခုလိုတွေ ဖြစ်ကုန်တာ။ မီတာမှန်မှန်မဖတ်ဘဲ ပြီးမှလိုတိုးပိုလျှော့လုပ်တဲ့ဟာတွေ သေးပေါက်ပြီးတိုင်း ဇစ်ညပ်ပြီး ဖြတ်ထုတ်ရပါစေဟယ်။ 😕” လို့ ဆိုကာ အသေးစိတ်ကိုတွက်ချက်ရေးသားရှင်းပြခဲ့ပါတယ်။

ချစ်တဲ့ပရိသတ်ကြီးက သူပြောပြခဲ့တဲ့ အချက်တွေကို သဘောတူလက်ခံတယ်ဆိုရင် တစ်ခုခုပြောပြပေးခဲ့ကြပါအုံးနော်။ ဖတ်ရှု့ပေးကြသူတွေကို ကျေးဇူးအထူးတင်ရှိပါတယ်။

Snow(mcc)

(Visited 2976 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ